အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ
ဆီးလမ်းကြောင်း ကျန်းမာအောင် ဂရုစိုက်တာက အမျိုးသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ မရှိမဖြစ် အရေးပါပါတယ်။ ဆီးလမ်းကြောင်းက ဆီးတွေကိုစွန့်ထုတ်ပေးတာပါ။ ဆီးလမ်းကြောင်းမှာ ကျောက်ကပ်တွေ၊ ဆီးအိမ်၊ ဆီးပို့ပြွန်၊ ဆီးစွန့်ပြွန်တို့ ပါဝင်နေပါတယ်။ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်နဲ့ ဆီးကျိတ်တို့လည်း ပါဝင်နေပါတယ်။
အမျိုးသားတွေမှာ အသက်အရွယ်ရလာလို့၊ ထိခိုက်မိလို့၊ နာမကျန်းဖြစ်လို့၊ မွေးရာပါချို့ယွင်းမှုကြောင့်ဆိုပြီး အကြောင်းအရင်း အမျိုးမျိုးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။
ဆီးကျိတ်ကြီးတာ
ဆီးကျိတ်ကလည်း အမျိုးသားတွေ အသက်နဲ့အတူ လိုက်ပြီး ကြီးထွားလာတာပါ။ အသက်အရွယ်ကြီးရင့်လာတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ် အန္တရာယ်ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ ဆီးကျိတ်က သစ်ကြားသီးအရွယ်အစားရှိတဲ့ ဂလင်းတစ်ခုဖြစ်ပြီး ဆီးအိမ်နဲ့ လိင်တံအကြားမှာ ရှိပါတယ်။ ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးသွားရခက်တာမျိုးတော့ ခံစားရနိုင်ပါတယ်။
- ဆီးကျိတ်ကြီးတဲ့အခါ
- ဆီးသွားရခက်တာ
- ဆီးလုံးသေးတာ
- ဆီးသွားပြီးချိန်မျာ ဆီးတစ်စက်စက် ကျနေတာ
- ဆီးသွားချင်ပြီဆိုရင် အောင့်ထားလို့ မရတာ
- ဆီးကျန်နေတတ်တာကြောင့် ဆီးအိမ်ကြီး တင်းနေသလို ဖြစ်နေတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာ
အမျိုးသားတွေအနေနဲ့ ဆီးသွားတဲ့အခါ နာကျင်တာ ဒါမှမဟုတ် ဆီးတွေပူနေတာ၊ အရောင်နောက်နေတာတွေက ဆီးလမ်းကြောင်း ပိုးဝင်နေတာပါ။ ဆီးလမ်းကြောင်းပိုးဝင်တာက အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာမို့ သေချာလေး စစ်ဆေးကြည့်ဖို့ လိုပါမယ်။
ဆီးကျိတ်ရောင်တာ
ဆီးကျိတ်ရောင်တာက အမျိုးသားတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဆီးကျိတ်ရောင်နေပြီဆိုရင်
- ဆီးသွားရခက်တာ
- အဖျားတက်တာ
- ချမ်းတုန်တာ
- ဗိုက်အောင့်တာ
- ဆီးခုံတဝိုက်ကအောင့်တာ
- ခါးအောက်ပိုင်း နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဆီးကျိတ်ရောင်တာက ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ လက္ခဏာတွေ ခပ်ဆင်ဆင် တူနေတတ်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံး နည်းလမ်းပါ။
ကျောက်ကပ် ကျောက်တည်တာ
ကျောက်ကပ်ကျောက်တည်တယ်ဆိုတာက စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ ကယ်လ်ဆီယမ်တွေနဲ့ အခြားသော ဓာတုပစ္စည်းတွေ ပေါင်းစုပြီး မာကျောတဲ့ အစိုက်အခဲလေးတွေ ကျောက်ကပ်ထဲမှာ ဖြစ်တာကို ဆိုလိုတာပါ။ ကျောက်ကပ်ကျောက်တည်တဲ့အခါ ကျောက်တွေက ကျောက်ကပ်ထဲမှာ ရှိနိုင်သလို ဆီးလမ်းကြောင်း တလျှောက်မှာလည်း ရှိနိုင်ပါတယ်။ ကျောက်က သေးမယ်ဆိုရင် ဆီးထဲကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားပါတယ်။ ကျောက်ရဲ့ အရွယ်အစားနဲ့ တည်နေရာကိုလိုက်ပြီး ကုထုံး ကွာခြားနိုင်ပါတယ်။
ကျောက်ကကြီးပြီး ဆီးစွန့်ပြွန်ကို ပိတ်သွားမယ်ဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုပါမယ်။
ဆီးကျိတ်ကင်ဆာ
အမျိုးသားတွေကို အသက်ဆုံးရှုံးစေနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ ဆီးကျိတ်ဂလင်းထဲကဆဲလ်တွေ ထိန်းချုပ်မရနိုင်အောင် ကြီးထွားလာတဲ့ အခြေအနေကနေ ဆီးကျိတ်ကင်ဆာ စဖြစ်တာပါ။ စောစောသိ စောစောကုသမယ်ဆိုရင်တော့ အသက်ရှင်နိုင်ခြေ များပါတယ်။
အသက်အရွယ်၊ လူမျိုး၊ မျိုးရိုးရှိတာတွေက ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်တဲ့ အဓိကကျတဲ့ အချက်တွေပါ။ အမျိုးသားတွေအနေနဲ့ အသက် ၄၀ ပြည့်ပြီဆိုရင် နှစ်စဉ် ဆီးကျိတ်စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာ အဆင့်ကိုလိုက်ပြီး ကုထုံးတွေ ကွာခြားနိုင်ပါတယ်။